နျူ လက်နက်ဖြင့်သာ ချုပ်ငြိမ်းရာ
ငြိမ်းချမ်းရေး ကို အဘိဓမ္မာ နဲ့ ချုပ်ငြိမ်း နိုင်မှာလား?
=========================================
ZMO၊ဇန်နဝါရီ ၁၆
၂၀၂၀ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ငြိမ်းချမ်းရေး ဖြစ်စဥ် များကို ပြိုင်တူ သံပြိုင် အော်ဟစ်ဖို့ အတွက် အချိန်လည်း ကျရောက်လို့လာပါပြီ။
ထုံးစံအတိုင်း နိုင်ငံရေးသမား များ နှင့် အာဏာ ခွဲဝေရေး အုပ်စု များ ၊ စီးပွားရေး အခြေခံ လက်နက်ဖြင့် ဗိုလ်ကျ စိုးမိုးခြယ်လှယ်မှု များ ဟာ အပေါ်ယံသကာ ဖုံး လို့ လှိမ့်လုံး ပတ်လုံးတွေနှင့် အတာသကြ်န် အကြိုပတ်ပျိုး တွေ အစုလိုက် အပြုံလိုက် သွန်းလောင်း လာတော့မှာလည်းဖြစ်ပါတယ်။
မူးယစ်ဆေး၊လောင်းကစားနှင့် အတူ ကိုယ့်တပ်ကို ကိုယ်ထူကို ထ ပြုလုပ်နေကြတဲ့ ဝိသမ ဂိုဏ်းသား အချို့လည်း ဟီးရိုး ဝင်လုပ်ကြမှာဖြစ်လို့ "မျိုးဆက်သစ်" တို့ အတွက်ဆိုတဲ့ ခေါင်းစဥ်ကလည်း ကျေးဇူရှင် ပြည်သူလူထု အတွက် ကြိမ်စာ တက်ကြမ်း များ နှင့် အနုပညာ ဆန် နေ ပါလိမ့်ဦးမယ်။
မြန်မာပြည် နိုင်ငံရေးမှာ အကြောက်ရဆုံးဆိုတဲ့ သတိထားစရာများအကြား နိုင်ငံရေးသမားများနှင့် တပ်မတော်သာလျှင်အမိ၊တပ်မတော်သာလျှင်အဖ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များသည်လည်း လူကြီးမင်းများ အုပ်စု အဖြစ်သို့ လူရာဝင် လာမှာ ဖြစ်တာကြောင့် နုတ်ခွန်းဆက်သ ဂါရဝ ပြုစရာ များ တစ်နေ့တခြား တိုးပွား လို့လာပါတယ်။
နိုင်ငံရေးအကျိုးအမြတ်အတွက် အသံတစ်သံတည်းထွက်ဖို့ကိုလည်း အသုံးချပင်လုံ ဇာတ်ပျက်နှင့် ပြည်တော်ပြန်ထောက်ခံရေးအသိုင်းအဝန်းအပါအဝင် မြန်မာ့ ပတ်ပျိုး တင်မကပဲ ကမ္ဘာကျော် နောက်ဆုံး ပေါ် တေးဂီတ လက်ကွက်တွေနဲ့ တက္ကသိုလ်ရိပ်သာလမ်း ပေါ်၊ နာဂတောင်တန်းတစ်
လျောက်၊ကိုကိုးကျွန်း ပါ မချန် မန်းကြ မှုတ်ကြ ဖို့ အစီစဥ်ဆွဲပြီးနေပါပြီ။
ကမ္ဘာအရပ်ရပ်က စစ်ပွဲတွေအကြား စားပွဲဝိုင်းမှာ ဖြေရှင်းရင်း အနုမြူ သာမက နျူကလီးယား လက်နက်တွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။
ကမ္ဘာစစ်နဲ့ငြိမ်းချမ်းရေး အကြားက ဘာသာတရားရဲ့ ကိုယ်စား ဘာသာရေးခေါင်းဆောင်တွေ ဗျာများ နေကြသလို မြန်မာပြည် မှာတော့ ဖွဲ့စည်းပုံ၊စစ်ခုံရုံးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ ဆိုပြီး ဝိုင်းကြီးပတ်ချာ လက်သင့်ရာ ရေကြည်တော်ဆက် ဖို့ လူကြီးလူကောင်းအပေါင်း လူတတ်ကြီးများလုပ်နေတာ ယခုဆိုရင် ကာလအတော်ကြာခဲ့ပါပြီ။
မြန်မာပြည်သူလူထုသည် အများစုသဘောတရား ဖြင့်ကြည့်လျှင် တောင်ယာ လယ်လုပ် ဘဝဖြင့် အသက်သွေးချွေး ပေးဆပ် နေရသည့်အပြင် ကတုံးပေါ်ထိပ်ကွက်သည့် အုပ်စိုးသူအပေါင်းကိုလည်း ပြည်သူလူထုမှ ကိုယ့်ထမင်းကိုစားပြီး ထောက်ပံ့ပေးလျက်အဘိဓမ္မာ ရွတ်တတ်ဖို့ အထိ တာဝန်ယူကာ တရားရေအေး နုတ်တိုက် ချ ဆွေးနွေး ပေးနေရ သည့် အခြေအနေ ဆိုလျှင်လည်းမမှားပေ။
စစ်နှင့် ငြိမ်းချမ်းရေး အဘိဓမ္မာ တွင် မကြာသေးမီအချိန်က အမေရိကန် သမ္မ တထရမ့် ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ စစ်မက်လိုလားသည့် ခေါင်းဆောင် ကို အဆုံးသတ်ပစ်ခြင်းသည် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း မည်လော့ ဟူ၏။
အကျယ်အဝန်း ၂၆၁၂၂၈ ဧရိယာစတုရန်း မိုင် အတွက် ဗိုလ်လုပ်အမြတ်ထုတ်ချင်သူပေါင်း စာရင်းတွက်ကြည့်လျှင် လက်နက်ကိုင် သီးသန့် ၁ သန်းခန့်(တပ်၊ပြည်သူ့စစ်၊တိုင်းရင်းသား)ရှိနေတာကြောင့် စားပွဲဝိုင်းကြာကြာထိုင်လျှင်လည်း တိုင်းပြည် အခွန်ငွေ ဆုတ်ယုတ်မြဲ ဆုတ်ယုတ်လတ္တံ။
စစ် ဆက် တိုက်ပါ ဆိုလျှင်လည်း အတိတ် ပစ္စုပ္ပန် နှစ်ဖြာသောကာလ ပြည်သူ့ငွေကြေးဖြင့် စစ်အသုံးစာရိတ် ပေးရသည်မှာ ပြည်သူများ၏ ရင်တွင်းဝယ် ဖော်ပြနိုင်သည့် အဆိုးဆုံး စာကားလုံး မြန်မာ့အဘိဓာန်မှာ ရှိမည်မဟုတ်ချေ။
ယနေ့မြန်မာ့နိုင်ငံရေးတွင် တိုင်းရင်းသား မျိုးနွယ်စုလက်နက်ကိုင်များ ဘက်မှ ၄င်းတို့၏ ကိုယ်ပိုင်အခွင့်အရေးများ ရရှိရန် စစ်တိုက်သင့်သည့်
အခွင့်ကောင်းအချိန်လည်း ဖြစ်သည်ဟု ယူဆနေ
သလို မြန်မာ့စီးပွားရေး ကြပ်တည်းသည့်ပြဿ နာနှင့်အတူ မြန်မာစစ်တပ်ကို ပြည်သူလူထုမှ ထောက်ခံခြင်းမရှိသည့် အခြေအနေကာလ ဟူသည့် အခွင့်အရေးလည်းပေးနေသည့်အချိန်ဟု လည်း ကျိန်းသေမမှားပေ။
မြန်မာ လူထု ထောက်ခံမှု ကျဆင်းလာသည့် အနေအထား တွင် အစိုးရအပါအဝင် တပ်ထိပ်ပိုင်းခေါင်းဆောင်များအတွက် လုပ်ရ ကိုင်ရ ခက်လာဖွယ်ရှိသော်လည်း အုပ်ချုပ်သူလူတန်းစားများပီပီ ထိုင်ခုံတွယ်ဖက်၍ နိုင်ငံရေး မြေပြင်ကို ဆက်လက်မောင်းနှင်နိုင်ရန် ကြံစည်နေပါလိမ့်မယ်။
အချို့သော စစ်အုပ်စု နှင့် နှီးနွယ်သည့် အကျိုးအမြတ် မိသားစု ပါဝါ ကာလာစိုးမိုးခံရသူများကတော့ တစ်ဖက်က ပြည်တွင်းမှာတင်
ဒီမိုကရေစီနှင့် တန်းတူ အကျိုးမျှတမှု မရရှိသေးသော်လည်း ၄င်းတို့ဟာ စစ်ထွက်တိုက်နိုင်ကြောင်း တစာစာ ခေါင်းလောင်းကွဲကြီး မြည်ဟီးသည်အထိ တီးခတ် ချင်နေသယောင်ယောင် အသံ ပြုလာ တာလည်း မဆန်းတော့ပေ။
အချစ် နဲ့ ရမက် ကဲ့သို့ စစ်နဲ့ ငြိမ်းချမ်းရေးဟာလည်း အဆုံး သတ် သေချာ မလိုလို၊ စိတ်ပျက်ညည်းငြူ ဖွယ်ရာ သမိုင်းအမွေများထွေးပွေ့နေမြဲ ကာလ မှာ ဗုဒ္ဓရဲ့ အဘိဓမ္မာ အစား အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်ရဲ့ အယူအဆ နဲ့ အစားထိုး ဖို့ လည်း မြန်မာပြည်မှာက လွယ်ကူမှာ မဟုတ်ပါဘူး။
လူမျိုးရေးအခြေခံလာနိုင်တဲ့ စစ်ပွဲများ၊ဝိဝါဒ ကွဲလွဲနေတဲ့ မီးကြိုးမောင်းပျက် မျိုးဆက်၊လူတန်းစားကွာခြားမှု ကို မထိန်းကျောင်းနိုင်တော့သည့် အရင်းရှင် ဒီမို အုပ်စု အစရှိသည်တို့ ဟာ တစ်နေ့တခြားနည်းပညာ ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာ့ နိုင်ငံများအကြား ရေတိမ် နစ်မြဲပဲ ဆိုတာ ကျိန်းသေအာမခံ ချက် ရှိနေပြန်ပါတယ်။
တိုင်းပြည်မတိုးတက်တာချင်းအတူတူ၊ပြည်နယ် နှင့် ပြည်မ ခွဲထွက်ခြင်း၊ပေါင်းစည်းခြင်းအဓိပ္ပါယ်ဟာ စာရွက်ပေါ်မှာ လွယ်သလောက် လက်တွေ့ အခြေအနေမှာ အခက်ခဲဆုံး ဖြစ်နေတဲ့အတွက် ပြည်နယ်တစ်ခုစီမှာ နျူ ကလီးယား လက်နက်ထုတ်လုပ်နိုင်သည့် ဓာတ်ပေါင်းဖို တစ်ခုစီ တည်ဆောက်မပြီးမချင်း အချင်းချင်း ရန်စ စစ်တိုက်နေဦးမှာပဲ ဖြစ်တဲ့အကြောင်း သုံးသပ်ရင်း ငြိမ်းချမ်းရေးကို အဘိဓမ္မာအစား ဓာတ်ပေါင်းဖိုများနှင့်သာ ချုပ်ငြိမ်း မည့်အနေအထား ရောက်ရှိနေတယ်လို့လည်း ဆိုအပ်လှပါတယ်။
Unicode
=======


Comments